ထေရုပ္ပတ္တိအကျဉ်း




ပခုက္ကူမြို့၊ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ပဓာနနာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုန္ဒရ မိုးကုတ်ဝိပဿနာ သာသနာပြုဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း
 

ဆရာတော်လောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၈၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ခရစ်သက္ကရာဇ် ၁၉၂၄-ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ သောကြာနေ့တွင် ခမည်းတော် ဦးကျော်ညွန့် မယ်တော် ဒေါ်ငြိမ်းဘုံတို့မှ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာတွင် ဖွားမြင်တော်မူပါသည်။
ငယ်စဉ်က နှင်းဆီကန်ရွာ ရွာဦးကျောင်း၊ တွင်းမရွာ ဦးစံပကျောင်း၊ ပခုက္ကူမြို့ ဦးမေဃကျောင်း တို့တွင်ပညာသင်ယူခဲ့ပြီး ဦးမေဃကျောင်းမှာပင် ရှင်သာမဏေ တစ်နှစ်ဝတ်ခဲ့သည်။ မန္တလေးမြို့ အစိုးရနော်မံကျောင်းတွင် နဝမတန်းထိ သင်ယူခဲ့သည်။
၁၃၀၇-ခုနှစ် တွင် တွင်းမရွာမှ ဦးဘိုးသ၊ ဒေါ်မြမေ တို့၏သမီးမအေးကျိုင်နှင့် အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်ပြုသောနှစ်မှာပင် ပခုက္ကူမြို့သို့ ပြောင်းရွှေ့ပြီး အလယ်တိုက်ကြီးအနီး ကုက္ကိုတန်းရပ်တွင် ကုန်သည်ပွဲစား အရောင်းအဝယ်အလုပ်များ ပြုလုပ်နေခဲ့သည်။
အလယ်တိုက်ကြီး ဂေါပကအဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လျက် အလယ်တိုက် ဆရာတော်ဘုရားကြီးများ၏ အလုပ်အကြွေးကို ပြုလုပ်ရင်း လောကုတ္တရာစာပေ အထွေထွေဗဟုသုတများကို လေ့လာသင်ယူမှတ်သားခွင့် ရခဲ့သည်။
၁၉၅၈-ခုနှစ် ဖဆပလ အကွဲတွင် ဦးနုအုပ်စုမှာဝင်ရောက်၍ ၁၉၅၉-၁၉၆၀ တွင်အဖမ်းခံရပြီး၊ ၁၉၆၀-ခုနှစ်ရွေးကောက်ပွဲတွင် မြိုင်မြို့နယ်တောင်ပိုင်း မဲဆန္ဒနယ်မှ အနိုင်ရပြီး ၁၉၆၀-မှ ၁၉၆၂-အထိ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၁၀-ခုနှစ်လောက်မှစ၍ ၁၃၄၀-ခုနှစ်လောက်အထိ ပခုက္ကူမြို့၊ အလယ်တိုက်ကြီး၏ ဆရာတော်ကြီးများ ဖြစ်တော်မူကြသော ဆရာတော် ဦးနန္ဒဝံသ(ညောင်တုန်း)၊ ဆရာတော် ဦးသုန္ဒရ (အဘိဓဇ)၊ ဆရာတော် ဦးနန္ဒိယ (ရတနာသိဒ္ဓိ)၊ ဆရာတော် ဦးပညိန္ဒ (အဂ္ဂမဟာပဏ္ဍိတ)၊ ဆရာတော် ဦးကေလာသ (ဘီအေ အဂ္ဂမဟာပဏ္ဍိတ) တို့နှင့် အရှေ့တိုက် ပဓာနနာယက ဆရာတော်ဖြစ်တော်မူသော ဆရာတော် ဦးဉာဏိန္ဒ (အဂ္ဂမဟာပဏ္ဍိတ) တို့၏ အဆုံးအမများကို နာယူမှတ်သားရင်း ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားတော်များ စာအုပ်များကို လေ့လာမှတ်သား၍ တရားနာ၊ တရားအားထုတ်၊ တရားဟောကြား နေလာခဲ့ရာမှ ၁၃၄၄-ခုနှစ်၊ သက်တော် (၅၇) နှစ်တွင် ပခုက္ကူမြို့၊ ကုက္ကိုတန်းရပ် ဒေါ်ခင်ကြည်၊ ဒေါ်မြခင်၊ ဒေါ်တင်ဥတို့မှ ဒါယကာပြု၍ ပခုက္ကူမြို့ အရှေ့တိုက်ကြီး၏ ပဓာနနာယက ဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဉာဏိန္ဒကို ဥပဇ္ဈာယ်ပြုကာ အရှေ့တိုက် မဟာဝိဇယသိမ်တော်ကြီးတွင် မြင့်မြတ်သော ရဟန်းအဖြစ်ကို ခံယူရရှိတော်မူခဲ့ပါသည်။
ဤသို့ဖြင့် ဆရာတော်သည် မိုးကုတ်ဝိပဿနာ သာသနာပြုလုပ်ငန်းကို လူ့ဘဝနှင့် (၄) နှစ်၊ ရဟန်းဘဝနှုင့် နှစ်ပေါင်း (၃၀)ကျော်မျှ ရပ်နားခြင်းမရှိဘဲ နေ့စဉ် တနေ့လျှင် (၃)ကြိမ်၊ အလုပ်ပေးတရားများကို ဟောကြားပြသလာခဲ့ရာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။
ဆရာတော်သည် ရဟန်းပြုသည်မှစ၍ နှစ်စဉ်မပြတ် ပခုက္ကူမြို့နှင့် ရေစကြိုမြို့ စာစစ်ဌာနများမှ စာအောင်သံဃာတော်များကို မိမိရသမျှ လာဒ်လာဘများဖြင့် သူ့အဆင့်နှင့်သူ လှူဒါန်းလာခဲ့ရာ ယနေ့ထိတိုင်အောင် အောင်မြင်စွာဆောင်ရွက်နိုင်ပါသည်။ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် (ရန်ကုန်)၏ စာရင်းဝင် ဓမ္မကထိက ဖြစ်ပြီး ၁၃၆၅-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် နိုင်ငံတော် အစိုးရမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းခံရပါသည်။
ဆရာတော်၏ အဓိက အကျဆုံး အဆုံးအမမှာ---
ဒိဋ္ဌိဖြုတ်တဲ့ အလုပ်သည် အရေးအကြီးဆုံးအလုပ်၊ မလုပ်မဖြစ်လုပ်ရမည့်အလုပ်၊ အမြန်ဆုံးလုပ်ရမည့်အလုပ်--- ဟူ၍ ဖြစ်ပါသည်။
ဆရာတော်၏ အိပ်ရာထ နှိုးခွေတရားမှာ အထူးကြော်ကြားပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မိုးကုတ်ဝိပဿနာ ရိပ်သာတိုင်းလိုလိုကပင် အသုံးပြုကြပါသည်။ ထို့ကြောင့်လည်း ဆရာတော်မှာ အိပ်ရာထ နှိုးခွေဆရာတော်အဖြစ် လူသိများ သည်။

No comments:

Post a Comment